” ရှမ်းရိုးရာ မိုင်းကိုင်စက္ကူ ”

ရှမ်းရိုးရာ မိုင်းကိုင်စက္ကူ

မိုင်းကိုင်စက္ကူ လို့ခေါ်တဲ့ ရှမ်းစက္ကူ (Saa Paper) ဟာ စက္ကူကြမ်း အမျိုးအစား ဖြစ်ပြီးတော့ ရှမ်းပြည်နယ်အနှံ့အပြားမှာ အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် အမျိုးသမီးတွေ ဘိုးဘွားအစဉ်အဆက် ဆက်ခံ လုပ်ကိုင်ကြတဲ့ ရှမ်းရိုးရာလက်မှု လုပ်ငန်း လည်းဖြစ်ပါတယ်။ အထူးသဖြင့် မိုင်းကိုင်နယ် ကွန်နားရွာ၊ ကွန်ကျိုင်းရွာ၊ တောင်ပိုင်းဝနယ်ရဲ့ မြို့တော်ဖြစ်တဲ့ မိုင်းကာအိုမြို့ ၊ သီပေါမြို့နယ် နဲ့ ပင်းဒယနယ်များမှာ ပိုမိုလုပ်ကိုင်ကြတယ်လို့သိရပါတယ်။

ရှမ်းစက္ကူတွေကို ရှမ်းပြည်တဝိုက်မှာတော့ စာရေးဖို့၊ မီးပုံပျံပြုလုပ်ဖို့ နဲ့ ခမောက်လွယ်အိတ် စတဲ့စ္စည်းတွေထုတ်ပိုးဖို့အတွက် အသုံးပြုကြပြီးတော့ ပင်းဒယက စက္ကူလုပ်ငန်းတွေမှာတော့ ဒေသထွက်ပန်းခြောက်နဲ့
သစ်ရွက် ခြောက်လေးများကို ထည့်သွင်းပြုလုပ်ကြပါတယ်။ အထူးသဖြင့် အလှဆင် မီးပုံးတွေ ၊ မီးအိမ်တွေပြုလုပ်ဖို့နဲ့ ရိုးရာထီးလုပ်ငန်းမှာ ထီးရွက် အဖြစ်အသုံးပြု အလှဆင်ကြလေ့ရှိပါတယ်။ တချို့ရှမ်းရွာတွေမှာ အိပ်ရာခင်းအဖြစ် သုံးလို့ရအောင် ထူထည်စွာပြုလုပ် အသုံးပြုကြပါတယ်။ သစ်စေးသုတ်ပြီးတော့လည်း မိုးကာအဖြစ်အသုံးပြုကြပါသေးတယ်။

စက္ကူ ပြုလုပ်ဖို့ လိုအပ်တဲ့ အဓိကကုန်ကြမ်းကတော့ သာလဲပင် သို့မဟုတ် တာလဲပင် လို့ခေါ်ပြီး ရှမ်းလိုကတော့ မဲ့ဆာ လို့ခေါ်ကြပါတယ်။ သူ့ရဲ့ သိပ္ပံနာမည်က 𝗕𝗿𝗼𝘂𝘀𝘀𝗼𝗻𝗲𝘁𝗶𝗮 𝗣𝗮𝗽𝘆𝗿𝗶𝗳𝗲𝗿𝗮 (𝗟) 𝗩𝗲𝗻𝘁 လို့ခေါ်ပြီးတော့ ရှမ်းပြည်နယ်က နေရာအချို့မှာတော့ အလေ့ကျပေါက်လျက်ရှိပါတယ်။

ပထမဆုံးအနေနဲ့ သာလဲပင်က အခေါက်တွေကို ပြာတွေနဲ့ ရောလို့ ပုံးထဲထည့်ပြီး ရေနဲ့ နူးလာတဲ့အထိ ကျိုချက်ပေးရပါတယ်။ ကျိုချက်ထားလို့ နူးပွနေတဲ့ သာလဲခေါက်တွေကိုတော့ ပြာရည်တွေကုန်အောင် ရေဆေးပေးရပါတယ်။ အမှိုက်သရိုက်များ ကင်းစင်စေရန်အတွက်လည်း လက်နဲ့ကောက်ယူသန့်စင်ရပါတယ်။ သန့်စင်ပြီး သာလဲခေါက်များကိုတော့ သစ်သားတုံးဖြစ်ဖြစ် ကျောက်တုံးပေါ်မှာပဲဖြစ်ဖြစ် တင်ပြီးတော့ သစ်သားတူနှစ်လက်နဲ့ ဘယ်ပြန်ညာပြန် ကျေညက်သည်အထိ ထုရိုက်ပေးရပါတယ်။ ဒီလိုထုရိုက်ရာမှာလည်း အမွှေးအမျှင်ကင်းကင်းနဲ့ချောမွတ်နေတဲ့ စက္ကူများရနိုင်စေဖို့ အချိန်ယူပြီး သေချာဂရုတစိုက်ထုရိုက်ပေးရပါတယ်။ ပိုမိုနူးညံ့တဲ့ စက္ကူပျော့ဖတ်များ ရရှိဖို့အတွက်ကတော့ ထုရိုက်ထားပြီးသား သာလဲခေါက်အကျေတွေကို ဝါးစစ်ဗူး သို့မဟုတ် မြေအိုးငယ်ထဲမှာ ရေနှင့်ရောထည့်လို့ ဝါးဒလက်ငယ်နဲ့ လှည့်ပတ်ချေမွှပေးရပါသေးတယ်။ ချေမွှပြီးလို့ရလာတဲ့ ပျော့ဖတ်တွေကိုတော့ အချပ်ကလေးများရသည်အထိ ပိတ်စဘောင်ထဲမှာ လက်နဲ့သေချာဖြန့်လို့ ရေထဲမှာစစ်ပေးရပါတယ်။ ပိတ်ဘောင်မှာ ကပ်ပြီး ရရှိလာတဲ့ ရေစိုစက္ကူချပ်များကိုတော့ နေပူပြင်းပြင်းမှာ ၃နာရီခန့်လှမ်းရုံနဲ့ ခြောက်သွေ့သွားနိုင်ပြီ ဘောင်ကနေခွာယူပြီးတာနဲ့ အသင့်သုံး ရှမ်းစက္ကူများကို ရရှိလာပြီပဲဖြစ်ပါတယ်။

ယနေ့ခေတ် မှာတော့ ရှမ်းစက္ကူအသုံးပြုမှုဟာ မြန်မာနိုင်ငံအနှံ့ တွင်ကျယ်လာပြီး သဘာဝပတ်ဝန်းကျင်မြတ်နိုးသူတွေနဲ့ ရိုးရာလက်မှုပညာမြတ်နိုးသူတွေကြားမှာတော့ eco-friendly ဖြစ်တဲ့ ရိုးရာလက်မှုထုတ်ကုန် တစ်ခုအနေနဲ့ အထူး ရေပန်းစားလျက်ရှိပါတယ်။ ရှမ်းစက္ကူတွေကို packaging နဲ့ ဖိတ်စာပြုလုပ်ရာမှာ နိုင်ငံခြားဖြစ်စက္ကူ အစားထိုးအတွက် အသုံးပြုလာကြသည်သာမကပဲ အနုပညာလက်ရာများဖန်တီးရာမှာလည်း အသုံးပြုလာ နေတာကို social media မှာတွေ့မြင်နေရပါတယ်။

ဒီတစ်ပတ်ရဲ့ ရှမ်းစက္ကူ အကြောင်းရာကို အဆုံးထိဖတ်ပေးကြတဲ့အတွက် ကျေးဇူးပါ။✨

နောက်အပတ်တွေမှာလည်း အသစ်သစ်သော အရာတွေနဲ့ ပြန်လည်ဆုံတွေ့ပါဦးမယ်။👋

Published Date – March 9 , 2022

Article Writer – Ko Richard

Article Graphic Desgin – Ma Chaw

Leave a Comment

Your email address will not be published. Required fields are marked *