
လက်မှုချစ်သူများအားလုံးမင်္ဂလာပါရှင်။
လက်မှု club ရဲ့ဒီတစ်ခေါက် knowledge sharing session လေးမှာတော့ “မြန်မာ့ရက်ကန်း” ပညာရပ်အကြောင်းကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။
ရက်ကန်းပညာရပ်ဟာ ရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက မြန်မာတွေရဲ့ရိုးရာပညာရပ်တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။အလွန်ပါးလှပ်ချောမွတ် လှတဲ့အထည်တွေကိုလည်းမြန်မာဘုရင်တွေလက်ထက်တည်းကထုတ်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ သက်သေသာဓက တွေလည်းရှိနေပါတယ်ရှင်။
ရက်ကန်းပညာရဲ့သမိုင်းကြောင်းကိုပြောရမယ်ဆိုရင်တော့ ဝါဂွမ်းစိုက်ပျိုးတဲ့ လုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်တဲ့ အတတ်ကို ဗုဒ္ဓသာသနာတော်နှင့်အတူ အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို ရောက်ရှိလာပါတယ်လို ယူဆရပါတယ်။
ဒီလိုယဉ်ကျေးမှူတွေပေါ်ပေါက်လာတဲ့အချိန်ကစပြီး မြန်မာအိမ်တွေမှာ ဝါ(ဂွမ်း)ပင် နဲ့အတူ မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်တွေကိုစိုက်ပျိုးကြပြီး မြန်မာအိမ်ရှင်မတွေဟာ ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်းအတတ်တိုကို ကျွမ်းကျင်တတ်မြောက်၊လုပ်ကိုင်ကြပါတယ်။
အဲ့ခေတ်တွေကဆိုရင် “မိန်းမများသည် ရက်ကန်း မတတ်လျှင် အကျိုးနှင့်တူသည်၊ ယောကျာ်းများသည် စာ မတတ်လျှင် အကန်းနှင့်တူသည်” ဆိုတဲ့ရှေးစကားပုံတောင်ရှိခဲ့ပါသေးတယ်။
ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အထည်ရက်လုပ်ရတဲ့လုပ်ငန်းဟာ အာရုံစူးစိုက်ပြီးမျက်ခြည်မပြတ်လုပ်ရတဲ့ လက်မှုလုပ်ငန်းဖြစ်တာကြောင့် သမာဓိတရားကို ရရှိစေဖိုအားပေးတဲ့လက်မှုလုပ်ငန်းတစ်ခုလိုဆိုခဲ့ကြပါတယ်။
ပညာရပ်ရှုထောင့်အနေကကြည့်မယ်ဆိုရင်လည်း အလွန်နူးညံ့၊ချောမွေ့၊ သေးငယ်လှတဲ့ ချည်မျှင်အပင်တွေများစွာကို တစ်ခုပြီးတစ်ခု၊ ကျကျနန စီစဉ်စုပေါင်းပြီး တဖြည်းဖြည်း အထည်အဖြစ်ရောက်ရှိအောင်ရက်လုပ်ရတာကြောင့် အရမ်းကို အနုပညာလက်ရာမြောက်ပြီးလှပ၊နူးညံ့တဲ့လက်မှု ပညာရပ်တစ်ခုလိုသတ်မှတ်ရပါတယ်ရှင်။
ဝမ်းနည်းစရာတစ်ခုကတော့ မြန်မာဘုရင်တွေလက်ထက်က ရက်ကန်းရက်ခြင်းအတတ်ပညာဟာ အထက်တန်းလွှာတွေအတွက်ပါဖြစ်ပြီး အလွန်နူးညံ့ပြီးလက်ရာမြောက်တဲ့ချည်ထည်တွေကိုထုတ်လုပ်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ အဲ့ဒီခေတ်၊အခါက ဝါဂွမ်းအမျိုးအစားကမြန်မာနိုင်ငံမှာလုံးဝတိမ်ကောပျောက်ကွယ်သွားပြီဖြစ်ပါတယ်။ ယခုစိုက်ပျိုးရရှိတဲ့ဝါဂွမ်းအမျိုးအစားကလည်းညံ့ဖျင်းတဲ့အမျိုးအစားတွေဖြစ်ပြီးချည်မျှင်ကြမ်းလောက်ပဲ ဗိုင်းငင်ရရှိပါတယ်။ ဒီလိုမျိုးဝါဂွမ်းအကောင်းစားတွေတိမ်ကောပျောက်ကွယ်လာတာနဲ့အမျှ ဗိုင်းငင်ခြင်း၊ရက်ကန်းရက်ခြင်း စတဲ့မြန်မာ့လက်မှုလုပ်ငန်းများလည်းတစ်ဖြည်းဖြည်းတိမ်ကောပျောက်ကွယ်လာပါတယ်။
ယနေ့ခေတ်မှာဆိုရင်တော့ တော်တော်များများဟာနိုင်ငံခြားအထည်တွေ၊ အင်္ကျီတွေကိုသာဝယ်ယူဝတ်ဆင်တတ်ကြပါတယ်။
ရှေးမြန်မာဘုရင်လက်ထက်ကတည်းက ရှိခဲ့တဲ့ရက်ကန်းပညာကိုလည်းမတိမ်ကော၊ မပျောက်ကွယ်အောင် ရက်ကန်းပညာရှင်များကိုအားပေးမြှောက်စားပြီး မြန်မာ့ရိုးရာရက်ကန်းချည်ထည်များကိုလည်းအားပေးဝတ်ဆင်ကြရမှာ မြန်မာနိုင်ငံသားအနေနဲ့ ကျွန်မတိုပူးပေါင်းဆောင်ရွက်ရမဲ့တာဝန်တစ်ရပ်မဟုတ်ပါလားရှင်။
မှတ်ချက်။ ဤ post တွင်ရေးသားထားသောအကြောင်းအရာများအား “ဂျီ၊ အီ၊ ဟာဗေး၏ မြန်မာနိုင်ငံသမိုင်း” တွင်ထည့်သွင်းရေးသားထားသောရက်ကန်းပညာ အကြောင်းမှအကိုးအကားများထည့်သွင်းရေးသားထားပါသည်။
Article Writer – Ko Aye Cham Maung
Graphic – Ko Aung Khaing Khant
Publish Date : 3rd Oct 2021